ရန်ကုန် ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် စာရေးဆရာမ မဝေ (သူဖြူဖြိုး) "ဘဝမှတ်တမ်းရဲ့ အလွမ်းကဗျာ" ရသဝတ္ထုဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသူရဇော်ကအမှာ စကားပြောကြားခဲ့ပြီး၊ သမိုင်းမြို့မဘုန်းတေဇ၊ စာရေးဆရာမညွှန့်ညွှန့်၊ စာရေးဆရာမတင့်တယ်ခင်တို့က မုဒိတာစကားများ ပြောကြားကာ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် "ဘဝမှတ်တမ်းရဲ့ အလွမ်းကဗျာ" ရသဝတ္ထုကို စာရေးဆရာမ မဝေ (သူဖြူဖြိုး) က ဖတ်ကြားခဲ့ပြီး၊ တက်ရောက်လာကြသည့် မြို့နယ် (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာရေးဆရာ/ဆရာမများက အဆိုပါရသဝတ္ထုတွင် ပါဝင်သည့် အကြောင်းအရာတို့ကို အပြန်အလှန်ကောက်နုတ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ် စာစောင်များကို စာပေချစ်မြတ်နိုးသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်