ကော့မှူး ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက စာရေးဆရာနတ်သျှင် (ရွှေဂူ) ရေးသားသည့်“ လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက လူငယ်များအနေဖြင့် စာအုပ်စာပေများ လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်ခြားနိုင်ကြောင်း၊ စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စာပေဝါသနာရှင်မမျိုးမျိုးအောင်က စာရေးဆရာနတ်သျှင် (ရွှေဂူ) ရေးသားသည့် “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ထဲမှ မိတ်ဆွေကောင်းနှင့် ခရီးသွားပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချိုမီမီဇော်က နောင်တရမှာမကြောက်နဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသိန်းသိန်းအေးက ပတ်ဝန်းကျင်ကောင်းကို တန်ဖိုးထားပါ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် လူငယ်စာပေဝါသနာရှင် မမျိုးမျိုးကဆွေးနွေးရာတွင်“စာအုပ်စာပေလူ့မိတ်ဆွေ” “အလိမ္မာစာမှာရှိ ”ဆိုသည့်အတိုင်း စာအုပ်စာပေအပေါ်မှာ နှစ်ခြိုက်ပျော်ဝင်သူတိုင်း၊ စာဖတ်ကြသူတိုင်း မိတ်ကောင်းဆွေကောင်းများပေါများ ကြွယ်ဝကြကြောင်း၊ အပြောင်းအလဲမြန်ဆန်ပြီး လိမ်ညာဟန်ဆောင်တတ်သော မိတ်ဆွေအတုတွေများပြားလွန်းသော သက်ရှိလောကတွင် စာအုပ်စာပေဆိုသောသက်မဲ့ မိတ်ဆွေသည် ရိုးသားဖြူစင်လွန်းပါကြောင်း ၊စာအုပ်စာပေအပေါ်မှာ ဘဝကို ပျော်ဝင်တတ်သူတို့သည် မှောင်မိုက်သောကာ လညဉ့်သန်းခေါင်ယံမှာ ထွန်းလင်းထွက်ပေါ်နေသော ကြယ်တစ်စင်းလိုအမြဲတောက်ပနေသည်ကား အမှန်ပင်ဖြစ်ကြောင်း၊ စာလုံးပေါင်းမြောက်များစွာဖြင့် လူတစ်ယောက်ကိုတော်အောင်၊ တတ်အောင်၊ လိမ္မာသိတတ်လာအောင်ပြုလုပ်ဖို့ ခက်ခဲကြောင်း၊ ပြောင်းလဲလာအောင်ပြုလုပ်ဖို့ခက်ခဲသော်လည်း စာကောင်းတစ်ကြောင်း၊ အတွေးအခေါ်တစ်ခု၊ စာအုပ်တစ်အုပ်သည် လူသားပေါင်းမြောက်မြားစွာကို တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်၊ လမ်းပြပေးနိုင်၊ လူတော်လူကောင်းဖြစ်အောင် ပြုပြင်ပေးနိုင်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ