နတ်မောက်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက် ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က အသိပညာ ဗဟုသုတကြွယ်ဝသည့် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်၊ နားထောင်မှုစွမ်းရည်မြင့်မားစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ပုံပြင်ပြောပြိုင်ပွဲကျင်းပခဲ့ရာ အိုးကလေးနှစ်လုံး၊ ဦးချိုပျောက်တဲ့ခွေးကလေး၊ သက်တံငါးစသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား/သူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူ (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း