ထားဝယ် ဇန်နဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက ကျင်းပသည့် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိသည့်ဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးပေးကြရန်လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများရှိပါက တင်ပြပေးနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်းမှာရှိသော တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးကြရန်လိုအပ် ကြောင်း၊ အဓိကအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော ကြောင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးသည် ဌာနဆိုင်ရာအကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ်မူတည်ကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင်ရာများအချင်းချင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာအကြီးအကဲများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)