ဘုတ်ပြင်း ဇန်နဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၁၄ ရက်က အောင်မင်္ဂလာရပ်ကွက် မူလတန်းလွန်ကျောင်း၌ ပြုလုပ်သည်။
ဦးစွာ မူလွန်-အောင်မင်္ဂလာကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်အောင်က အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်သည်များကို ပြောကြားသည်။ ဆက်လက်၍မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ဖြူဖြူသိန်းက ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသားကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ပညာရေးကို ဦးစားပေးသင်ကြားကြရမှာဖြစ်ပြီး အရွယ်မတိုင်မီကလေးအလုပ်သမားဘဝသို့ မရောက်စေရန်အတွက် မိဘများမှသိရှိထားရမည့်အချက်များ၊ ကလေး အလုပ်သမားအသက်အရွယ်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားအများဆုံး ဖြစ်ပေါ်နေမှု၊ ကလေးအလုပ်များနှင့်အဆိုးရွား ဆုံးပုံစံဖြင့် စေခိုင်းနေမှုများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်း များစသည့် သိကောင်းစရာများအား အသိပညာပေးပြောကြားသည်။
ယင်းနောက် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ပလတ်စတစ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)