မြိတ်မြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲ ကျင်းပ

မြိတ် ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်ပြပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က(၅)ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ် ဓာတ်ရှင်သန်ခိုင်မာစေရေးအကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး အနာဂတ်၏ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် နိုင်ငံ့လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့စေရန် ကာကွယ်ထိန်းသိမ်းရန်နှင့် ဇာတိသွေးဇာတိမာန်ကို မမေ့လျော့ဘဲ တန်ဖိုးထားသင့်ကြောင်း အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက စာပေဖတ်ရှုခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများအကြောင်းအရာများကို စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့် ခေါင်းစဥ်ဖြင့် အသိပညာဗဟုသုတ ရရှိစေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စာပေဖတ်ရှုမှသာ အသိပညာဗဟုသုတ တိုးပွားလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် မြိတ်ခရိုင်ရုံး ဝန်ထမ်းများက အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ပြီး သုတ/ရသစာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)