ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများစနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကမ္ဘာတွင် ပလတ်စတစ်သုံးစွဲမှုမှာနှစ်ပေါင်း (၁၀၀) ကြာမြင့်နေပြီဖြစ်ကြောင်း၊ လူအများသုံးစွဲပြီး စွန့်ပစ်လိုက်သည့် ပလတ်စတစ်များသည် နှစ်ပေါင်းရာချီ မဆွေးမမြေ့ဘဲ စုပုံနေတက်ကြောင်း၊ ပလတ်စတစ်သည် အလွန်အသုံးဝင်သည့် ပစ္စည်းဖြစ်သည့်အပြင် ဆိုးကျိုးအနေဖြင့် စွန့်ပစ်သည့်ပစ္စည်းများသည်လေထုရေထုနှင့် သဘာဝပတ်ဝန်းကျင်များကို ညစ်ညမ်းစေခြင်း၊ လူနှင့်အခြားသက်ရှိ သတ္တဝါများကို အန္တရာယ်ပြုနိုင်ခြင်း၊ ရာသီဉတုကို ပြောင်းလဲခြင်း၊ ပလတ်စတစ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် နှလုံးသွေးကြောရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အူရောင်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်း အာရုံကြောရောဂါများ ဖြစ်တတ်သဖြင့် ပလတ်စတစ်များအား စနစ်တကျသုံးစွဲ၍ စွန့်ပစ်သင့်ကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပလတ်စတစ်ဆိုးကျိုးများနှင့် ပတ်သက်သည့် နံရံကပ် စာစောင်များအားပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)