သရက်ချောင်းမြို့နယ်၌ မဲရုံတာဝန်ကျထမ်းဆောင်ကြရမည့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

သရက်ချောင်း ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊  သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီက သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

သရက်ချောင်းမြို့နယ်ရှိ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် မိမိတို့တာဝန်ကျရာနေရာများသို့ သွားရောက်တာဝန်မထမ်းဆောင်မီ မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဆန္ဒမဲများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆန္ဒမဲပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်နေမှုများကို သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)