မကွေး ဇန်နဝါရီ ၁၅
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ဖြင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းလူရည်ချွန်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.လ.က(သိင်္ဂါ)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.လ.က(သိင်္ဂါ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြား၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က လူငယ်ရေးရာအသိပညာပေးဟောပြောရာတွင် “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်ကျောင်းသား၊ ကျောင်းသူများအတွက် လူငယ်များ စာအုပ်စာပေဖတ်ရူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ဟောပြော၍ မြို့နယ်အားကစားနှင့်ကာကပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းအောင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိက အ.လ.က(သိင်္ဂါ)ကျောင်းအတွက် အားကစားလက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်အသိပညာပေးမူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူး၊ ကလေးအလုပ်သမားပပျောက်ရေး အစရှိသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရူလေ့လာခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက FitnessDance သရုပ်ပြသမှုနှင့်အတူ အားကစားဆိုင်ရာ ကာယလေ့ကျင့်ခန်းများကို ကျောင်းသား/ကျောင်းသူများနှင့် အတူတကွဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)