လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ်အထက်ကျော်လွန်လာ၍ တာတမံ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

လေးမျက်နှာ   ဩဂုတ်   ၅ 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း မိုးရာသီကာလ မြစ်ရေကြီးချိန်ရောက်တိုင်း ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ်အထက်ကျော်လွန်လာ၍ တာတမံထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ထူးနှင့် တာဝန်ရှိသူများက မိုးရာသီကာလ မြစ်ရေကြီးချိန် တာတမံများတွင် ဖြစ်ပေါ်လေ့ရှိသော ရေပေါက်၊ ထူးပေါက်၊ သဲဗွက်ထခြင်း၊ တာအိ၊ တာလျှောခြင်းများ မဖြစ်ပေါ်စေရေးအတွက် တာတမံထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများ နှင့် ပူးပေါင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး တာတမံများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

လေးမျက်နှာမြို့သည် ငဝန်မြစ်၏ အရှေ့ဘက်အခြမ်းတွင် တည်ရှိပြီး  လေးမျက်နှာမြို့၏ စိုးရိမ်ရေမှတ်  (၃၄ ဒသမ ၀၀) ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ (၃၆ ဒသမ ၀၀) ပေ ဖြစ်သည်။ လေးမျက်နှာမြို့ အနေဖြင့် နှစ်စဉ်မြင့်တက်ခဲ့သော ငဝန်မြစ်ရေ၏ မှတ်တမ်းများအရ ၂၀၁၅ ခုနှစ်တွင် (၃၆ ဒသမ ၄၀)ပေ၊ ၂၀၁၆ ခုနှစ်တွင် (၃၆ ဒသမ ၀၅)ပေ၊ ၂၀၁၇ ခုနှစ်တွင် (၃၅ ဒသမ ၅၀)ပေ၊ ၂၀၁၈ ခုနှစ်တွင် (၃၄ ဒသမ ၀၅) ပေနှင့်၂၀၁၉ ခုနှစ်တွင် (၃၃ ဒသမ ၄၀)ပေအထိ အသီးသီး မြင့်တက်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၀ ပြည့်နှစ်၊ ယနေ့နေ့ နံနက်(၆)နာရီအထိ တိုင်းတာချက်အရ ငဝန်မြစ်ရေ မှာ(၃၄ ဒသမ ၄၅)ပေသို့ ရောက်ရှိနေ သော်လည်း စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ နှစ်စဉ်မြင့်တက်ခဲ့သော အမြင့်ဆုံးရေအမှတ် မှာ မှတ်တမ်းများအရ ၂၀၁၅ ခုနှစ်တွင် (၃၆ ဒသမ ၄၀)ပေအထိ အမြင့်ဆုံးမြင့်တက်ခဲ့ပြီး ရေဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက်  နိုင်ငံတော်မှ မြို့ပတ်ရေကာတာနှင့် စိုးရိမ်ရသော မြစ်ကမ်းနေရာများကို ပြန်လည်ပြုပြင်ခြင်း၊ မြှင့်တင်ခြင်း၊ မြို့ပတ်ရေကာတာ၏အမြင့်ကို သတ်မှတ်ပေအမြင့်အထိ မြင့်တင်ဆောင်ရွက်ထားခြင်း၊ စသည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်မီပြင်ဆင်ဆောင်ရွက်ထားသည့်အတွက် အဆိုပါနှစ်တွင် တစ်မြို့နယ်လုံး ရေဘေးအန္တရာယ် ဆိုးဆိုးဝါးဝါး မဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိငဝန်မြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန် လာသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြရန်နှင့် ငဝန်ရေကာတာ၊ မြို့ပတ်တာများ၏ တာတမံကြံ့ခိုင်ရေးနှင့် လုံခြုံစိတ်ချမှုရှိစေရန်အတွက် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေကင်းစခန်း(၄)ခုမှ ဆည်မြောင်းဝန်ထမ်းများက နေ့ညမပျက် ရေကင်းလှည့်လည် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ရွှေမိုး(လေးမျက်နှာ)