မင်းတုန်းမြို့နယ်တွင် သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်း လက်တွေ့ပြသ

မင်းတုန်း ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ယနေ့နံနက် ၈ နာရီခွဲတွင် တံတားကျေးရွာအုပ်စု၌ သဘာဝမြေဆွေးပုံပြုလုပ်သုံးစွဲခြင်း လက်တွေ့ပြသရာ တံတားကျေးရွာအုပ်စု၊ မင်းရွာကိုင်းကျေးရွာအုပ်စုနှင့် ဘူးတောင်းကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းကိုက သဘာဝမြေဆွေးပုံ ပြုလုပ်ရာတွင် ပါဝင်ရမည့်ပစ္စည့်များနှင့် ပြုလုပ်ပုံအဆင့်ဆင့်ကိုရှင်းလင်းဆွေးနွေးခြင်း၊ သဘာဝမြေဆွေးသုံးစွဲခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွင် သွင်းအားစုဓာတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေးနှင့် စနစ်တကျသုံးစွဲမှုမရှိပါက နောက်ဆက်တွဲဆိုးကျိုးများအား အသိပညာပေး ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက သဘာဝမြေဆွေးပုံတွင်ပါဝင်ရမည့် ပစ္စည်းအချိုးအစားအလိုက် အဆင့်ဆင့်ပြုလုပ်ပုံသရုပ်ပြသင်ကြားပေးခဲ့ကြပြီး တောင်သူများက သဘာဝမြေဆွေးပုံပြုလုပ်ခြင်း လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)