ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဖြင့် နေအိမ်သုံးဇီဝဓာတ်ငွေ့ကန် တည်ဆောက်ပြီးစီးမှုစစ်ဆေး

ပွင့်ဖြူ ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရွှေဘိုရွာသစ်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် နေအိမ်သုံးဇီဝဓာတ်ငွေ့ကန် တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ရွှေဘိုရွာသစ်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် နေအိမ်သုံးဇီဝဓာတ်ငွေ့ကန်နှင့် ဆက်စပ်ပစ္စည်းများ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကို တွေ့ဆုံကာ ဆောင်ရွက်ပြီးစီးသည့် နေအိမ်သုံးဇီဝဓာတ်ငွေ့ကန်နှင့် ဆက်စပ်ပစ္စည်းများကို ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် စနစ်တကျသုံးစွဲသွားကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်သည့် နေအိမ်သုံးဇီဝဓာတ်ငွေ့ကန်နှင့် ဆက်စပ်ပစ္စည်းများ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း နိုင်ငံတော်ထောက်ပံ့ငွေကျပ် ၅ ဒသမ ၇ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် သုညဒသမ ၄ သန်း၊ စုစုပေါင်းငွေကျပ် ၆ ဒသမ ၁ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှု နည်းပညာပံ့ပိုးကူညီမှုဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာနေပြည်သူများ လက်တွေ့အသုံးချဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)