ပုဇွန်တောင် ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား အသိပညာပေးဟောပြောပွဲ၊ စာအုပ်လှူဒါန်းပွဲ၊ လူငယ်စကားဝိုင်းနှင့်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအား အင်သစ်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်မှ အမှာစကားပြောကြားခဲ့ပြီးနောက် အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းအတွက် ငွေကျပ် ၁,၁၀၀,၀၀၀/- (ကျပ်တစ်ဆယ်တစ်သိန်းတိတိ) တန်ဖိုးရှိသော စားပွဲတင်တင်းနစ်ခုံအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်းတို့ကလည်းကောင်း၊ ကျောင်းစာကြည့်တိုက်အတွက် ငွေကျပ် ၅၀၀၀၀/- (ကျပ်ငါးသောင်း) တန်ဖိုးရှိသော စာအုပ်(၂၀)အုပ်ကို မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြဦးမှလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်မှ စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ခဲ့ပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ဟောပြောပွဲကို ကျင်းပခဲ့ရာ စာရေးဆရာမသုခေတ်မေက စာဖတ်ခြင်းဖြင့် ဘဝတိုးတက်ကြပါစို့ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးမှ မေတ္တာလက်ဆောင် ပေးအပ်ခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲနှင့်ဘယ်ခြေညာ လက်ကစားနည်းပြိုင်ပွဲများကို ကျင်းပခဲ့ရာကျောင်းသား၊ ကျောင်းသူလေးများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်၊၊ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်း သား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတရသစာအုပ်စာစောင်များအား တက်ရောက်လာသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်