တိုက်ကြီးမြို့နယ်၌ တိုင်းရင်းသားစာပေ၊ ဘာသာသင်ကြား၊ သင်ယူတတ်မြောက်မှုဆန်းစစ်ခြင်းနှင့် စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ကြီးမှူး၍ တိုင်းရင်းသားစာပေ၊ ဘာသာသင်ကြား၊ သင်ယူတတ်မြောက်မှုဆန်းစစ်ခြင်းနှင့် ဘာသာစကား၊ စာပေရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက သဲဖြူကျေးရွာအုပ်စုရှိ ကျေးရွာ ၄ ရွာတွင် ကျင်းပသည်။

ဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က အဖွင့်အမှာစကား ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင့်က တိုင်းရင်းသားစာပေ၊ ဘာသာသင်ကြား၊ သင်ယူတတ်မြောက်မှုဆန်းစစ်ခြင်း အစီအစဉ်နှင့် ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရေးဆိုင်ရာ စပ်တမ်းကောက်ယူခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများအား စစ်တမ်းကောက်ယူခြင်း အစီအစဉ်ပြုလုပ်ခဲ့ကာ တိုင်းရင်းသားစာပေသင်ယူတတ်မြောက်မှု၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)