တောင်တွင်းကြီးမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ပြင်(၂)မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမောင်မောင်က အကြမ်းဖက်ခြင်းဆိုသည်မှာ၊ အကြမ်းဖက်​ခြင်းအမျိုးအစားများ၊ ကိုယ်ထိလက်ရောက်အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်မူဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း၊ အန္တရာယ်ရှိသော မိရိုးဖလာထုံးတမ်းစဥ်လာများ၊ အကြမ်းဖက်မှု၏ နောက်ဆက်တွယ်ဆိုးကျိုးများ၊ အကြမ်းဖက်မှုကိုကြိုတင်ကာကွယ်တားဆီးခြင်း၊ မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့်သက်ဆိုင်သော ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်ဆိုင်ရာဥပဒေပုဒ်မများ၊ လူကုန်ကူးမှု ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကာ အမျိုးသမီးရေးရာအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ဆုမြတ်မွန်က အမျိုးသမီးများအနေဖြင့်အကြမ်းဖက်မှုခံရပါက ကူညီဆောင်ရွက်ပေးမှုအခြေအနေများ၊ အမျိုးသမီးများ၏ လူနေမှုဘဝမြင့်မားရေးအတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုမခံရစေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကို ကာကွယ်ရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူလေးများ တက်ရောက်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)