ဓနုဖြူ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့ ယမန်နေ့ မွန်းလွဲပိုင်းက အ.မ.က(လှေဆိပ်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက စာဖတ်ခြင်း၏အကျိုး ကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စာဖတ်ခြင်းဖြင့် အတွေးအခေါ်များရင့်ကျက်လာနိုင်ကြောင်း၊ ဖြန့်ကျက်တွေးတောနိုင်စွမ်းရှိလာနိုင်ကြောင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိနိုင်ကြောင်း၊ အသိပညာဗဟုသုတများစွာရရှိနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန အကြီးတန်းစာရေး ဦးခိုင်လွှမ်းမိုးက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခြူးရွှေစင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ကြိုတင် ကာကွယ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မြေငလျှင်ဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်