တွံတေး ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ တွံတေးမြို့နယ် ရန်ကင်းကျေးရွာ၊ အ.မ.က (ရန်ကင်း) ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ နေလည် ၁ နာရီမိနစ် ၃၀ အချိန်က အဆိုပါကျောင်းများ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ.မ.က (ရန်ကင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးထွေးက အဖွင့်အမှာစကားများ ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ယနေ့လူငယ်နှင့် ရသစာပေခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပေးသော ပညာရပ်များအပြင် အခြားသောအထွေထွေဗဟုသုအတွက် စာပေဖတ်ရှုရန်လိုအပ်ကြောင်း၊ စာအုပ်စာပေကသာ ကျောင်းသား/ကျောင်းသူများ၏ ဘဝကိုပြောင်းလဲပေးနိုင်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုးအကြောင်းအဆိုးအကောင်းတို့ကို ဝေဖန်ပိုင်းခြား တတ်လာမည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စကိုမဆို ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စားသုံးသူရေးရာအကြောင်းနှင့် ဆိုးဆေးအန္တရာယ်အကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ခင်လင်းစိန်က လူငယ်နှင့်အားကစားအကြောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ဝင်းထွဋ်ဦးက "ပြည်ထောင်စုနေ့" ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲ အပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ပြဘုတ်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်