မင်းဘူး ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဝန်းကျင်လေထုအရည်အသွေး တိုင်းတာမှုနှင့် ရေထုအရည်အသွေးတိုင်းတာမှု လုပ်ငန်းစီမံချက်အရ မင်းဘူးခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးက ရေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက မြို့ဧရိယာအတွင်း ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ ဦးဆောင်သောအဖွဲ့သည် မင်းဘူးခရိုင်အတွင်း ဝန်းကျင်လေထု အရည်အသွေးတိုင်းတာမှုနှင့် ရေထုအရည်အသွေးတိုင်းတာမှုလုပ်ငန်းစီမံချက်အရ မင်းဘူးမြို့ ထောက်ရှာပင်ဆိပ်ကမ်း၊ ဧရာဝတီမြစ်အတွင်းရှိ ရေအရည်အသွေးအားလည်းကောင်း၊ ဆားပွက်ချောင်း ရေအရည်အသွေးအားလည်းကောင်း၊ ရှင်ပင်စက္ကိန်းတဲဆိပ်ကမ်းရှိ ဧရာဝတီမြစ် ရေအရည်အသွေးအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မင်းဘူးမြို့အတွင်း သောက်သုံးရေများ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသော ကျောက်တန်း(ရေစက်ရုံ) ရေဖြန့်ဝေပေးရေးလုပ်ငန်း၊ ဧရာဝတီမြစ်ရေတင်(WTP) ရေသန့်စင်ဖြန့်ဝေပေးရေးလုပ်ငန်းနှင့် တာဘိုင်(ရေစက်ရုံ) ရေဖြန့်ဝေပေးရေးလုပ်ငန်းစသည့်နေရာများရှိ ရေများ၏ ရေအရည်အသွေးများကို မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးများအနေဖြင့် ဝန်းကျင်လေထုအရည်အသွေးတိုင်းတာမှုနှင့် ရေထုအရည်အသွေး တိုင်းတာမှုလုပ်ငန်းစီမံချက်အရ လေထုအရည်အသွေးနှင့် ရေထုအရည်အသွေး တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပြီး ထွက်ပေါ်ရရှိလာသော တိုင်းတာမှုရလဒ်များကို နိုင်ငံပိုင်သတင်းစာများနှင့် မီဒီယာများမှတစ်ဆင့် လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)