စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၅

စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မင်္ဂလာခန်းမ၌ ကျင်းပသည်။

အဆိုပါစားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအသည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ စာအုန်းဆီတင်သွင်းကုမ္ပဏီများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချလက္ကား၊ လက်လီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးအတွက် ဒေသအရောက် ဈေးနှုန်းများအပေါ် နှစ်ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ မရှိစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ လက်ကား/ လက်လီ ကိုယ်စားလှယ်များအနေဖြင့် အရေအတွက်မှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်၊ အရည်အသွေးမှန် စသည့် မှန် (၄) မှန်ဖြင့် ပြည်သူများထံသို့ စားအုန်းဆီများ ပျံ့ပျံ့နှံ့နှံ့ရောက်ရှိစေရေး မှန်မှန်ကန်ကန်ဖြန့်ဖြူးရောင်းချပေးရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်တို့က အမှာစကားများ ပြောကြားကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်စွာဝင်း၊ လေ့လာစောင့်ကြည့်သုတေသနအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးပိုင်ဖြိုးသန့်၊ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဋ္ဌေးမိုးနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးဇော်ကိုကိုတို့က ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ စားအုန်းဆီတင်သွင်းကုမ္မဏီများမှ ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ လက္ကားကိုယ်စားလှယ်များမှ ကိုယ်စားလှယ်တစ်ဦးတို့က ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ဆွေးနွေးတင်ပြချက်များအပေါ် အထွေထွေဖြည့်စွတ်ဆွေးနွေးပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာ၀န်ကြီး ဦးမျိုးမြင့်အောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်