အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကျင်းပ

ရန်ကုန် ဇန်နဝါရီ

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၂+၃+၄) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး ကနောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အမှာစကားပြောကြားခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများနှင့် နည်းဥပဒေများကိုလည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မမလေးက အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများနှင့် နည်းဥပဒေများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးခင်ဝင်းမောင်က လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ၊ ထည့်ဝင်ကြေးနှုန်းထားများ ငွေကြေးအကျိုးခံစားခွင့်စားခွင့်များကို ရှင်းလင်းခဲ့ပြီး အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က စည်းကြပ်သော ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများ၊ အငြင်းပွားမှုဖြေရှင်းခြင်း နည်းလမ်များအား သင်ကြားပို့ချပေးခဲ့ကာ လက်တွေ့အငြင်းပွားမှုဖြေရှင်းခြင်းကို သင်တန်းသားဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့၏ စက်ရုံအလုပ်ရုံအလုပ်ဌာနများမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်ကြောင်း သိရသည်။

ဇင်မင်းထိုက် (ပြန်/ဆက်)