တာမွေ ဇန်နဝါရီ ၁၅
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများအပါအဝင် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုတို့ ပူးပေါင်းကျင်းပသော ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ဆေးလိပ်ငွေ့အန္တရာယ်အကြောင်းကိုလည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃)၊ အမှတ် (၄၁)၊ မူးယစ်တပ်ဖွဲ့စု (ရန်ကုန်အရှေ့ပိုင်း) မှ ရဲအုပ်နေလင်းထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းကိုလည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ကွမ်းစားခြင်းအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက အိမ်သုံးဆေးအကြောင်းနှင့် ပတ်သက်၍လည်းကောင်း အသီးသီးအသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးဟောပြောခဲ့ကြသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အသိပညာပေးဟောပြောခဲ့ကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများအတွက် ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက ပေါင်မုန့်နှင့် အချိုရည်များ ပေးအပ်ခဲ့ကြပြီး တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခန်းမအတွင်း ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူလေးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)