ထားဝယ် ဇန်နဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ EDU-Park ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီအတွင်းရေးမှူး ဦးဝင်းမောင်လေးက လူငယ်များအနေဖြင့် အနာဂတ်တွင် အောင်မြင်သော လူငယ်များ ဖြစ်စေရေးအတွက် ယခုချိန်ကတည်းကတန်ဖိုးရှိသော စာပေနှင့် အသိပညာ ဗဟုသုတများ ဆည်းပူးလေ့လာရန်လိုအပ်ကြောင်း၊ စာပေများကို ဖတ်ရှုလေ့လာပြီး ရရှိသော အသိပညာ ဗဟုသုတများကိုမိမိ၏ မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း၊ လူငယ်များ အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပကလာရောက်ဟောပြောပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် EDU-Park ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပန်းတိုင်၊ လူငယ်နှင့်ခံယူချက်၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်Social Media စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်မေးမြန်းဆွေးနွေးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းပေးအပ်ပြီး ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)