ငပုတော ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မဲရုံမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပုသိမ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရည်မွန်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ မဲပေးစက်များ သယ်ယူမည့်အစီအစဉ်များ၊ မဲရုံများတွင်လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက်ထားနိုင်ရေးနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) မှ အတွေ့အကြုံများအား ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို (၂၅-၁-၂၀၂၆) ရက်နေ့တွင် တတိယအပိုင်းအဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး အတွက်စီမံဆောင်ရွက်ထားရှိသည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းမဲရုံများတွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရမည့် ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ ကျေးကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မဲရုံမှူးများနှင့်စာရေးဝန်ထမ်းများက မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)