ပြည်ကြီးမဏ္ဍိုင်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး

ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ  ၁၆

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်၊ ငလျင်ဘေးတို့နှင့်ပတ်သက်၍ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်လိုက်နာသင့်သည့် ရှောင်ရန်ဆောင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ်များတွင် မီးဘေးလည်းရှိကြောင်း၊ သဘာဝဘေးများတွင် လူကြောင့်ဖြစ်သောဘေးနှင့် သဘာဝကြောင့်ဖြစ်သောဘေးဟူ၍ရှိကြောင်း၊ လူကြောင့်ဖြစ်သောဘေးမှာ  ကြိုတင်ကာကွယ်နိုင်သော်လည်း သဘာဝကြောင့်ဖြစ်သောဘေးမှာ  ကြိုတင်ကာကွယ်ရန်ခက်ခဲသောကြောင့် သဘာဝဘေးန္တရာယ်များအကြောင်းကို သိရှိထားရန် လိုအပ်ကြောင်း ဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအသိပညာပေး နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသားကျောင်းသူများကလေ့လာကြည့်ရှုသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)