မြစ်သား ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မင်းကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အဆိုပါကျောင်းတွင် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ဦးစွာ မင်းကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တူးတူးမာက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန်၊ ယဉ်ကျေးလိမ္မာမှုရှိစေရန်နှင့် စည်းကမ်းရှိသည့် ကျောင်းသားလူငယ်များဖြစ်လာစေရန်အတွက် ပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုရည်ထွေးက ပြည်ထေင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ မျိုးချစ်စိတ်ရှိသော်လည်း စည်းလုံးမှုမရှိ၍အောင်မြင်မှုမရရှိပုံ၊ စည်းလုံးညီညွတ်၍အောင်မြင်မှုရရှိပုံနှင့် ပြည်ထောင်စု စိတ်ဓာတ်အမြဲအဓွန့်ရှည်အောင် ကြိုးပမ်းရမည့်အကြောင်းအရာများကို ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောစာအုပ်များ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအသိပညာပေးနံရံကပ်စာစောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လျှပ်စစ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲများကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)