မြိတ် ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် တက္ကသိုလ်ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ကျန်းမာကြံ့ခိုင်သောတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေးအတွက် ကျင်းပလျက်ရှိသော ဘာသာရပ် ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက တက္ကသိုလ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ညွန့်ပေါင်းအသင်းနှင့် ဓာတုဗေဒအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ဗိုလ်လုပွဲတွင် ညွန့်ပေါင်း အသင်းက ဓာတုဗေဒအသင်းအား တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြိုင်ပွဲတလျှောက် တာဝန်ယူဆောင်ရွက်ပေးသည့် ဒိုင်လူကြီးများ အမှတ်တရလက်ဆောင်၊ အကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးသမားအကောင်ဆုံးဆု ရရှိကြသူများနှင့် ဂိုးသွင်းအများဆုံး ဆုရရှိကြသူများအား ဆုတံဆိပ်များ၊ ပြိုင်ပွဲတွင် တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသော အားကစားသမားများအား လည်ဆွဲဆုများနှင့် ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဗိုလ်လုပွဲ၌ ပထမရရှိသောအသင်းများအား မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိက ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲကို ဇန်နဝါရီ (၆) ရက်မှ (၁၅) ရက်ထိ ကျင်းပခဲ့ပြီး ဘာသာရပ်ဌာနအသီးသီးမှ ပြိုင်ပွဲဝင် အသင်း(၇) သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမား (၁၅၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)