ရေနံချောင်း ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက် အ.ထ.က(တွင်းကုန်း)ကျောင်း၌ Gold Petrol Joint Operating Company Inc မှ ၂၀၂၅ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR) အစီအစဉ်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် သင်ကြားသင်ယူမှုအထောက်အကူပြုခန်းမဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါအဆောက်အဦးသစ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ Gold Petrol Joint Operating Company Inc မှ ၂၀၂၅ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR) အစီအစဉ်ဖြင့် တန်ဖိုးငွေ ၁၁၇၁၄၈၅၀၀ ကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် အလျား ၉၀ ပေ၊ အနံ ၃၆ ပေရှိ သင်ကြားသင်ယူမှုအထောက်အကူပြု ခန်းမသစ်အား မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း အထွေထွေမန်နေဂျာ ဦးလှမြင့်၊ Gold Petrol Joint Operating Company Inc မှ GP Field မန်နေဂျာ Mr. Zhu Sheng Ting ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးတင်အောင်ဦး၊ မြို့နယ်ပညာရေးမှူးရုံး တာဝန်ခံဦးသန်းဇော်လင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ဆက်လက်၍ အဆိုပါခန်းမတွင် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရာ အထိမ်းအမှတ်နေ့ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် အားကစားပြိုင်ပွဲများတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်နှင့် ကျောင်းတွင်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား အ.ထ.က(တွင်းကုန်း)ကျောင်းအုပ်ဆရာကြီး ဦးရဲဝင်းခိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူမျာက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်