ကော့သောင်း ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်းကျင်းပသော "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်"ကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါပွဲတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်လတ်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ တိုင်းဒေသကြီးပညာရေးမှူးဦးဝင်းနောင်နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ယဉ်ယဉ်နုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် အထက (၁) ကျောင်းသား/ကျောင်းသူများက "အလှပန်းများပွင့်ကြမည်" အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အထက(၁) ကျောင်းနှင့် အထက(ခွဲ) အလက(၂)ကျောင်း ဘင်ခရာတပ်ဖွဲ့တို့မှ ဘင်ခရာစွမ်းရည်ပြသသည်။ ယင်းနောက်အထက(၁)ကျောင်းသား/ကျောင်းသူများက မြန်မာ့သိုင်းသရုပ်ဖော်၊ "အနာဂတ်ကမ္ဘာမြေဖွံ့ဖြိုးစေ" တေးသီချင်းများဖြင့်ဖျော်ဖြေသည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ပြပွဲ၊ ပြခန်းများ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်း၊ ဂုန်နီအိတ်စွတ်ပြေးကစားနည်း၊ စကားပုံဆက်ကစားနည်း၊ အာလူးကောက်ကစားနည်း၊ ခွက်နင်းကစားနည်းများ ပါဝင်ဆင်နွှဲနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
အဆိုပါ ပွဲတော်တွင် ကော့သောင်းမြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)