ညောင်ရွှေ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှဖွင့်လှစ်သည့် အခြေခံစက်ချုပ်နှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ် ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက်(၁၈)နှစ်အောက် လူဦးရေသည် နိုင်ငံ့လူဦးရေ၏ ၃၃.၃၁ ရာခိုင်နှုန်းခန့်ရှိ၍ ကလေးဦးရေများပြားသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် မွေးကင်းစမှ အသက်(၁၈) နှစ်ပြည့်သည်အထိ ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တနှင့် ခံယူချက်မြင့်မားရေး၊ အသက်ရှင်သန်ရပ်တည်တို့အတွက် စီမံကိန်းများချမှတ်လျက် ပြုစုစောင့်ရှောက် ကာကွယ်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရန်၊ ဘဝပေးအခြေအနေအရ ရုန်းကန်နေရသည့် ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ထိခိုက်မှုမရှိစေရန်နှင့် ပညာသင်ကြားရမည့်အရွယ်တွင် ပညာသင်ကြားခွင့် မရရှိခြင်းကြောင့် အနာဂတ်အတွက် စိုးရိမ်ဖွယ်ဖြစ်နေသည်ကို ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်နှင့် ဆောင်ရွက်ရာတွင် လူမှုမိတ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အခြေခံစက်ချုပ်သင်တန်း သင်တန်းသူများအားလည်းကောင်း ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အခြေခံကွန်ပျူတာသင်တန်း သင်တန်းသားများအားလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးများက သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး ခင်းကျင်းပြသထားသည့် အခြေခံစက်ချုပ်သင်တန်းသူများ၏ လက်ရာများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းတွင် သင်တန်းတစ်မျိုးလျှင် သင်တန်းသား(၃၀)ဦးစီ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းကာလမှာ တစ်လကြာမြင့်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ