မိုင်းယန်းမြို့၌ ၂၀၂၆ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၁၆

တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရွက်ပုန်းသီးမျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟော်ကန်ရပ်ကွက် အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးမှ အဖွင့်အမှာစကားနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ပွဲစဉ်တစ်လျှောက်ယှဉ်ပြိုင် ကစားကြရာတွင် အသင်းသားအချင်းချင်း စည်းလုံးမှုညီညွတ်ပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း မှာကြားသည်။ ထို့နောက် မြို့နယ်ဘောလုံးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလှိုင်းခမ်းမှ ပြိုင်ပွဲဝင်အားကစားသမားများအား နှုတ်ဆက်အမှတ်စကားပြောကြားပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

၂၀၂၆ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ငွေလင်းယုန်အသင်းနှင့် ကိုစိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားပွဲအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးမှ ဘောလုံးကန်၍ စတင်ပေးခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင်  စုစုပေါင်း(၈)သင်း ပါဝင်ပြီးယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က)၊ အုပ်စု(ခ)သတ်မှတ်၍ (၁၅-၁-၂၀၂၆)ရက်နေ့မှ (၂၇-၁-၂၀၂၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး