တောင်ကြီးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ ၁၆

တောင်ကြီးတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ကြီးတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် တောင်ကြီးတက္ကသိုလ် ညွန့်ပေါင်း(၂)အသင်းနှင့် ဓာတုဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုနိုင်၊ မေဂျာပေါင်းစုံအလိုက် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများက ကြည့်ရှုအားပေးကြပြီး ဓာတုဗေဒအသင်းက ညွန့်ပေါင်းအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ကြက်ခြေနီအသင်းနှင့် ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအမျိုးသားအမျိုးသမီး ရှေ့တန်းကစားသမားများ၊ ကွင်းလယ်ကစားသမားများ၊ နောက်တန်းကစားသမားများ၊ ဂိုးသမားများကို တောင်ကြီးတက္ကသိုလ် ပါမောက္ခဌာနမှူးများက ဆုတံဆိပ်နှင့်ငွေသားဆုများကို ချီးမြှင့်ပေးအပ်ကြသည်။

ဆက်လက်၍ တတိယဆုရရှိသည့် အမျိုးသားဘောလုံးအသင်းအား အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အမျိုးသား/အမျိုးသမီး အသင်းတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုနိုင်ကလည်းကောင်း၊ ပထမဆုရရှိသည့် အမျိုးသား/အမျိုးသမီး အသင်းတို့အား တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု၊ ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ထက်ဝေအောင်(ပြည်နယ်ပြန်/ဆက်)