ကန်ကြီးထောင့်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကန်ကြီးထောင့် ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပုသိမ်ခရိုင် Fire Hotspot ဖြစ်စေသည့် အကြောင်းအရင်းများ ရှာဖွေဖော်ထုတ်နိုင်ရေးကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြစ်သည့်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကန်ကြီးထောင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊တို့ပူးပေါင်းပြီး Fire Hotspot ဖြစ်စေသည့် အကြောင်းအရင်းများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ယနေ့နေ့လည်ပိုင်းက ကန်ကြီးထောင့် မြို့နယ်၊ ကျိုက်လတ်ကျေးရွာ၊ ရွှေကျီးရုပ်ဘုရားကြီးကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် ပုသိမ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကိုကိုနိုင်မှ “မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းပါဝင်ပေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးမှ”မီးရှို့ခြင်း၏ ဆိုးကျိုးများအကြောင်း သိကောင်းစရာ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်ခင်မျိုးဝင်းမှ” ကောက်ရိုး မီးရှို့ခြင်း၏ဆိုးကျိုးအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်ကျေးရွာအုပ်စုရှိတောင်သူ လယ်သမားများနှင့် ရွာသူရွာသားများ စုစုပေါင်း(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြရာ တာဝန်ရှိသူများက အသိပညာပေးလက်ကမ်းစာစောင် (၁၅၀)အား လက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြပြီး မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)