ညောင်တုန်း ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သပြေချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာသစ်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး အောင်ရဲကျော်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးအကြောင်းအရာများ၊ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ပြသခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)