အောင်လံမြို့နယ် ပန်းမတကျေးရွာ၌ အဆင့်မြင့်ထွန် (Power Harrow) ဖြင့် ထွန်ယက်ခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ကျင်းပ

အောင်လံ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ပန်းမတကျေးရွာ၌ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အဆင့်မြင့်ထွန် (Power Harrow)ဖြင့် ထွန်ယက်ခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက တောင်သူ ဦးကျော်ဦး၊ ဦးပိုင်အမှတ်(၈၄)၊ ကွင်းအမှတ် (၇၆/က)၌ ကျင်းပသည်။

အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးရဲနိုင်ထွန်းက အဆင့်မြင့်ထွန် (Power Harrow)ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ ခေတ်မီ စက်ကိရိယာများ အသုံးပြုခြင်းအားဖြင့် တောင်သူများ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ပြီး အချိန်ကုန်သက်သာကာ သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာနမှ မြေဆီလွှာ အခြေအနေအလိုက် စက်ကိရိယာကို စနစ်တကျ ကိုင်တွယ်မောင်းနှင်နည်းများကို တာဝန်ရှိသူများက လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)