ကျောက်ဆည် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တော ပြုန်းတီးမှုမှ ကာကွယ်ရေးနှင့် ပြည်သူများ ထင်းသုံးစွဲမှု အထောက်အပံ့ရရှိရေး ယမန်နေ့နံနက် ၁၁ နာရီက ရဒါန်းချောင်းဆုံ ကြိုးဝိုင်းအကွက်အမှတ်(၁၇)၌ ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသော ထင်းနှင့် မျောတိုင်များအား ချောင်းဆုံကျေးရွာမှ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲ၌ ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဘိုက ကျေးရွာသုံးစိုက်ခင်း စိုက်ပျိုးခြင်း၊ အခမဲ့ ထင်းပေးဝေခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးအရာရှိ ဦးမျိုးခန့်ကိုနှင့်အတူ ရဒါန်းချောင်းဆုံ ကြိုးဝိုင်းအကွက်အမှတ်(၁၇)၊ ၁/၂၀၂၀ (၂၅)ဧက ကျေးရွာသုံး စိုက်ခင်းမှ ထွက်ရှိသော ယူကလစ်၊ မဲဇယ်လီ၊ ရှား၊ မာတာကွတ် ထင်း ၁၈ ဒသမ ၂၀ တန်နှင့် မျောတိုင် ၅၂၇ လုံးတို့အား ချောင်းဆုံကျေးရွာမှ အိမ်ထောင်စု ၁၉၇ စုထံသို့ လက်ဝယ်အရောက် အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်