ကြံခင်းမြို့၊ အ.လ.က(ခွဲ)မူလွန်-မြို့မတောင်ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

ကြံခင်း ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ အ.လ.က(ခွဲ)မူလွန်-မြို့မတောင်ကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ Grade-5 ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့်သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးတိုးတိုးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးစုံညီပွဲတော်ကျင်းပခြင်းသည် ဆရာ၊ မိဘ၊ ကျောင်းသား တွေ့ဆုံ၍ ထူးချွန်သူများအား မြေတောင်မြောက်ပေးသော အခမ်းအနား တစ်ခုပင် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း နိုင်ငံတော်အတွက် အားထားရသော သားကောင်းရတနာများအဖြစ် ကြိုးစားရမှာ ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် အ.လ.က (ခွဲ)မူလွန်-မြို့မတောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေမာလှိုင်က စုံညီပွဲတော်ကျင်းပရခြင်း ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဒေါ်ယမင်းခင်က ကျေးဇူးတင်စကားနှင့် စုံညီပွဲငွေစာရင်းရှင်းတမ်းအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဘာသာရပ် ထူးချွန်ဆုရရှိသူများ၊ ကာယ၊ ဉာဏဆုရရှိသူများ၊ ကျောင်းတက်မှန်ဆုရရှိသူများအား လက်ထောက်ပညာရေးမှူး၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအကျိုးတောင် ဆောင်အဖွဲ့ဝင်များနှင့် မိဘများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေ ပေးခဲ့ကြရာ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက ဆုတော်ငွေများ အသီးသီး ချီးမြှင့်ပြီးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)