မြိတ်မြို့ အ.ထ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မြိတ် ဇန်နဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအား အသိပညာဗဟုသုတတိုးတက်ပြီး လူတော်လူကောင်းများဖြစ်စေရန်၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့နံနက်ပိုင်းက အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။

အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ကျောင်းသား/သူလူငယ်များအနေဖြင့် အရည်အချင်း အရည်အသွေးပြည့်ဝသည့် လူငယ်များဖြစ်ရန် အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝရန် လိုအပ်ကြောင်း၊ သို့မှသာ အမှားအမှန်အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိမည်ဖြစ်ကြောင်း အသိပညာဗဟုသုတများရရှိစေနိုင်မည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန် လိုအပ်ကြောင်းနှင့်စာပေဖတ်ရှုသည့် အလေ့အကျင့်များ လေ့ကျင့်ပျိုးထောင်ကြရန် အသိပညာပေးဟောပြောသည်။

ထို့နောက် မြိတ်ခရိုင်ရုံးဝန်ထမ်းများက စာပေဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့်အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)