ပွင့်ဖြူ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ချွန်းစုကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချွန်းစုကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများကိုတွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများ၊စီမံကိန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်း၊ စည်းကမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ လိုက်နာရမည့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊ စီမံကိန်းကာလသတ်မှတ်ချက်များနှင့် ချေးငွေအတိုးနှုန်းထားများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ချွန်းစုကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၀ ဦး၊မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၀ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃ ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်သူ ၁ ဦး၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၈၄ ဦးကို (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၅၅ သန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )