ကြံခင်းမြို့၊ အ.မ.က(ရွာသစ်မြောက်)ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ကြံခင်း ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံမူလတန်း ကျောင်း(ရွာသစ်မြောက်)၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး၊ ကျောင်းစုမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းသူလေးများက “ပညာပန်းခင်း” သီချင်းဖြင့် သီဆိုကပြ၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးတိုးတိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကို အလေးထားသင်ကြားကြရန်၊ ထူးချွန်သူများ နှစ်စဉ်ပေါ်ထွန်း လာစေရေးကြိုးစားကြရမှာ သားငယ်သမီးငယ်များ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ဒါမှသာ နိုင်ငံတော် အတွက် အားကိုးအားထားရသည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာမှာ ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။  အ.မ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီသန္တာအောင် က စုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့တွင် ဘာသာရပ်ထူးချွန်ဆု၊ ကာယဉာဏထူးချွန်ဆုများကို မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရဲမှူးကြည်စိုးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး၊ ကျောင်းစုမှူးနှင့်ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဝင်များ၊ မိဘများက အသီးသီးဆုများပေးအပ်ကြပြီး မပန်းရတီမြင့်မိုရ်က “လမ်းပြကြယ်” သီဆိုဖျော် ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)