ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ပွင့်ဖြူ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ကောင်းဖန်တီးပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယနေ့နံနက်ပိုင်းက ချွန်းစုကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ချွန်းစုကျေးရွာရှိ ရပ်မိရပ်ဖများနှင့်ကျေးရွာသူ၊ ကျေးရွာသားများကိုတွေ့ဆုံ၍ မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်ပြီး တောင်ယာမီး၊ တောမီးရှို့ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပွားစေသဖြင့် ရှူရှိုက်မိသူများအား ကျန်းမာရေးထိခိုက်စေနိုင်ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှု လျော့နည်းရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကျေးရွာသူ၊ ကျေးရွာသားများလိုက်နာရမည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေများကို ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးပုလဲမင်းမင်းမြတ်က မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုများမဖြစ်ပွားစေရေး ကြိုတင်တားဆီးကာကွယ်ရမည့်နည်းလမ်းများနှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျေးရွာဝန်းကျင်သန့် ရှင်းသပ်ရပ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်များကို အသိပညာပေးဆွေးနွေးဟောပြောသည်။

ထို့နောက်တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ဆွေးနွေးဟောပြောသည့် အကြောင်းအရာ များနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )