ကြံခင်း ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အ.မ.က (အင်းလပ်အနောက်)ကျောင်း၌ ယမန်နေ့က ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် ကျောင်းသား၊ ကျောင်းသူများ အား အာဟာရကျွေးမွေး လှူဒါန်းခဲ့ကြသည်။
ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်ပုံစံများကို သိရှိခြင်း၊ ကျန်းမာကြံ့ခိုင်၍ အနာဂတ်သားကောင်းများကို မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ပြီး ကျောင်းတွင်အာဟာရကျွေးမွေးခြင်း ကို KG တန်းမှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးတို့အား အစာအုပ်စု(၃)အုပ်စုပေါ် မူတည်၍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ချက်ပြုတ်ပြီး ထမင်း၊ ဘဲဥနှင့် သီးစုံပဲဟင်းများဖြင့် အလှူရှင် မိသားစုမှ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါအဟာရမကျွေးမီ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြွယ်က လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် စနစ်တကျဆေးကြောပြီး၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များက ဝိုင်းဝန်းကူညီကာ အာဟာရကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း