နတ်မောက် ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာကျောင်းသား/သူလေးများက အနာဂတ်လူရည်မွန်တေးသီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်မြတ်နိုင်၊ ကျောင်းအကျိုးတော်ဆောင် နာယကဦးဝင်းမောင်တို့က ကျောင်းသား/သူများအနေဖြင့် အားကစားရော၊ ပညာရေးပါနှစ်ဖြာသောအကျိုးကို သယ်ပိုးနေကြသော လူငယ်မောင်မယ်များဖြစ်ကြ သည့်အတွက် အခြားကျောင်းသား/သူအားလုံးထက် ပိုမိုကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူအားလုံး ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဘက်စုံဖွံ ဖြိုးတိုးတက်ကာ အရည်အသွေးထက်မြက်ပြီး နိုင်ငံတော်အတွက် အားထားရသော ထူးချွန်ထက်မြက်သူများဖြစ်အောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားကြရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ကာယ၊ ဥာဏပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား/သူများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/မတို့ကဆုများ အသီးသီးဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူ များနှင့်မိဘပြည်သူများက ကျောင်းသား/သူများ၏ ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း