တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်

ကော့သောင်း ဇန်နဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး ရဲမှုထမ်းဟောင်းများကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား  တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသောက်ကုန်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများ အခါအားလျော်စွာ‌ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့်လည်း ယခင်ကတည်ငြိမ်အေးချမ်းရေးကို အကောင်းဆုံးလုပ်ဆောင်ခဲ့ကြသူများဖြစ်သည့်အတွက်တတ်နိုင်သည့်ဘက်မှ တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ရဲမှုထမ်းဟောင်းအဖွဲ့စည်းရုံးရေးကော်မတီများ ဖွဲ့စည်းထားရှိ၍ ရုံးမြေနေရာ ရရှိရေး၊ ရုံးအဆောက်အဦရရှိရေးနှင့် အလုပ်အကိုင်များရရှိစေရေး ဆောင်ရွက်‌ပေးလျက်ရှိပါကြောင်း၊ ကော့သောင်းမြို့နယ်အတွင်း ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် ရဲမှုထမ်း‌ဟောင်းအဖွဲ့ဝင်များအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့်အတွက်လည်း ကျေးဇူး တင်ရှိပါကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့များအနေဖြင့် ကျန်းမာရေးဂရုစိုက်၍ အချင်းချင်းကူညီရိုင်းပင်းပြီး တတ်နိုင်သည့်ဘက်မှ ပူးပေါင်းဆောင်ရွက်သွားကြပါရန်နှင့် လက်ရှိတာဝန်ထမ်း‌ဆောင်နေကြသော ရဲမှုထမ်းများ၊ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များအ‌နေဖြင့် အချင်းချင်း အပြန်အလှန်ကူညီရိုင်းပင်းဖေးမပြီး ကိုယ်စိတ်ချမ်းသာစွာဖြင့် ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာကို အမြဲတမ်းမြှင့်တင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် ပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်က ရဲမှုထမ်းဟောင်းအဖွဲ့သို့ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယရဲအုပ်သာအောင် (ငြိမ်း) က လက်ခံရယူသည်။ ယင်းနောက် ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲမိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် ဘုရင့်နောင်ရပ်ကွက်အတွင်းရှိ ရဲမှုထမ်းဟောင်းများအဖွဲ့ရုံးအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)