ပုသိမ် ဇန်နဝါရီ ၁၈
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံခဲ့ပြီး “တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအားနည့်သည့် ဘာသာရပ်များအလိုက် ထိရောက်စွာ အချိန်ပိုသင်ကြားခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုဝင်တန်းအကြိုစာမေးပွဲ ဒုတိယအကြိမ် ဖြေဆိုခဲ့ပြီးဖြစ်၍ ကျောင်း သား၊ ကျောင်းသူများ၏ အားနည်းချက်၊ အားသာချက်များအလိုက် ပိုမိုဖြည့်ဆည်းသင်ကြားပေးရန်လိုပါကြောင်းနှင့် တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်မှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး “တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပွဲများကို နှစ်စဉ်နှစ်တိုင်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ခြင်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးကဏ္ဍတွင် အခြေခံ ပညာကျောင်းဖွင့်လှစ်မှု၊ တက်ရောက်မှုများသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်၍ သိပ္ပံဘာတွဲတွင်အမှတ် (၃၅၀) နှင့်အထက် ရရှိသူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားနှင့် အုပ်ချုပ်ရေးအဖွဲ့များကပါ ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေး ဆရာ၊ ဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ပေးကြစေလိုကြောင်းနှင့် ယခုဆွေးနွေးပွဲမှ အချက်အလက်များအား သေချာစွာလေ့လာမှတ်သားပြီး ကျောင်းသား၊ ကျောင်းသူများအား ထိထိရောက်ရောက်သင်ကြားပေးကြရန်လိုပါကြောင်း အမှာစကားပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူခဲ့သည်။
ယနေ့ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဒုတိယအကြိမ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို Grade-12 သင် အထက်တန်းပြဆရာ၊ ဆရာမစုစုပေါင်း (၅၃၅၃) ဦး တက်ရောက်ခဲ့ကြပြီး ဘာသာရပ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)