ရန်ကုန်တိုင်းဝန်ကြီးချုပ် ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနိုင်ရေး ဒဂုံမြို့သစ်မြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများက ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က မြို့နယ်အတွင်းမဲရုံ (၈၇) နှင့် ကရင်၊ ရခိုင် တိုင်းရင်းသားမဲဆန္ဒရှင်များအပါအဝင် မဲဆန္ဒရှင် (၁၁၆၇၄၆) ဦးရှိပါကြောင်း၊ မဲဆန္ဒရှင်အင်အားအလိုက် မဲရုံစာရင်းများ၊ မြို့နယ်အတွင်း မဲရုံများတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ဖွဲ့စည်းထားရှိမှုများ၊ မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ၊ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ဆောင်ရွက်မှုများ၊ လက်ကမ်းစာစောင်ဖြန့်ဝေနိုင်မှုများ၊ မဲရုံအမျိုးအစားများ၊ အခြေခံပညာကျောင်း (၁) ကျောင်းချင်းစီ အလိုက် မဲရုံဖွင့်လှစ်မှုအခြေနေများ၊ မဲရုံအရေအတွက်၊ မဲရုံတည်နေရာနှင့် Hand Speaker လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ရပ်ကွက်/ကျေးရွာများအလိုက် အုပ်ချုပ်ရေးမှူးများနှင့် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မိမိတို့ ရပ်ကွက်/ကျေးရွာအလိုက် မဲရုံဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲ ကျင်းပမည့် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူလျင်မြန်စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဲရုံများအား ပြည်သူလူထုနှင့် နီးစပ်၍ သွားလာရလွယ်ကူလျင်မြန်သော နေရာများသို့ ရွှေ့ပြောင်းဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

နိဂုံးချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုတွေ့ဆုံပွဲသို့တက်ရောက်လာကြသော တာဝန်ရှိသူများအားလုံး အစွမ်းကုန် ရှိသမျှ အားထည့်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မဲရုံတည်နေရာများအား ပြန်လည်စိစစ်၍ ပြည်သူလူထုနှင့် အနီးစပ်ဆုံးနှင့် သွားလာရလွယ်ကူလျင်မြန်သော နေရာများတွင် မဲရုံများ ဖွင့်လှစ်ဆောင်ရွက်သွားရန်၊ နာရိစဉ်အလိုက် မဲပေးရာခိုင်နှုန်းတင်ပြနိုင်ရေးဆောင်ရွက်သွားရန်၊ မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်ပြည်သူများ အချိန်မီရောက်ရှိနိုင်ရေး ဆောင်ရွက်သွားကြရန်၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက်ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက် ကြရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါတွေ့ဆုံ‌ ဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဒဂုံမြို့သစ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့၀င်၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့၀င်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)