မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့၀င်၀န်ကြီးများသည် ယနေ့နေ့လယ် (၁၂) နာရီက မြောက်ဥက္ကလာပမြို့နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်း၀န်ကြီးချုပ်ဦးစိုးသိန်းက မြေက်ဥက္ကလာပမြို့နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆော်ဩရေး လုပ်ငန်းများဆောင်ရွက်ကြရေး၊ မဲဆန္ဒရှင်ပြည်သူများ လျင်မြန်လွယ်ကူစွာမဲပေးနိုင်ရေး၊ ကြိုတင်မဲပေးခြင်းများ စနစ်တကျဆောင်ရွက်ရေး၊ မဲရုံများစနစ်တကျဖွဲ့စည်းပြင်ဆင်ထားရှိရေး၊ မဲရုံလုံခြုံရေးများ စနစ်တကျတာဝန်ချထားရေးစသည့် ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက မြောက်ဥက္ကလာပမြို့နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ကြရာ လိုအပ်သည်များကို သက်ဆိုင်ရာတာ၀န်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉) ခုရှိ မဲရုံ (၁၄၀) တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ INSTALLATION တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်အတွင်း SD ကဒ်များ ထည့်သွင်းခြင်း၊ စတေကာတပ်ဆင်ခြင်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)