ထန်းတပင်မြို့နယ်၌  အသိပညာပေးဟောပြောပွဲနှင့် ကာယဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲနှင့် ကာယဥာဏစွမ်းရည်ပြိုင်ပွဲများကို ဇန်နဝါရီလ (၁၆) ရက်နေ့၊ မွန်းလွဲပိုင်းက ရွာသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးသန်းဇော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်က လူငယ်နှင့် စာဖတ်ခြင်းအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဘယ်ခြေညာလက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်နှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်၊ စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသလို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)