မြန်အောင် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖြိုးညီညီအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်က မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တို့အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖြိုးညီညီအောင်နှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆီကိုယ်စားလှယ်တို့နှင့်တွေ့ဆုံ၍ စားအုန်းဆီရရှိမှု၊ ခွဲဝေဖြန့်ဖြူးရောင်းချမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စားအုန်ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ မြန်အောင်မြို့နယ် အင်ပင်မြို့၊ မြန်အောင်မြို့နှင့် ကြံခင်းမြို့မှ စားအုန်းဆီလက်လီကိုယ်စားလှယ်အရောင်းဆိုင်များတွင် စားအုန်ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံစားသုံးသူများနှင့်တွေ့ဆုံ၍ ဆီရရှိမှု၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း အလေးချိန်အပြည့်အဝရရှိမှုရှိ/မရှိတို့အား တွေ့ဆုံမေးမြန်းခဲ့ကြသည်။
မြန်အောင်ခရိုင်အတွင်း လစဉ်စားအုန်းဆီ ဖြန့်ဖြူးရောင်းချပေးမှုအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖြိုးညီညီအောင်က "ကျွန်တော်တို့ မြန်အောင်ခရိုင် အင်္ဂပူ၊ မဇလီကုန်း၊ အင်ပင်၊ မြန်အောင်၊ ကြံခင်းမြို့ထဲကို လာရောက်ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်တာဖြစ်ပါတယ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မှန်(၆)မှန်နဲ့ ပြန့်ပြန့်နှံနှံရောက်ရှိမှု ရှိ/မရှိကို လိုက်လံကြီးကြပ်စစ်ဆေးတဲ့အနေနဲ့ လာရောက်ခြင်းဖြစ်ပါတယ်၊ လမ်းမှာစစ်ဆေးတဲ့ တလျောက်က တော်တော်လေးကိုကြေနပ်စရာကောင်းလောက်အောင် ပြန့်ပြန့်နှံနှံ ဖြန့်ဖြူးရောင်းချတာတွေ့ရပါတယ်၊ စာအုပ်တွေနဲ့ စနစ်တကျအလေးချိန် မှန်မှန်ကန်ကန်၊ စျေးနှုန်းမှန်ကန်စွာ ရောင်းချနေတာကို စစ်ဆေးတွေ့ရှိရပါတယ်" ဟုပြောသည်။
မြန်အောင်ခရိုင် စားအုန်းဆီ လက်ကားကိုယ်စားလှယ် ဦးကျော်ဝင်းမော်က မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တို့အတွင်းစားအုန်းဆီဖြန့်ဖြူးပေးမှု အခြေအနေများကို "ကျွန်တော်တို့မြန်အောင်ခရိုင်အတွက်ကို ZABU KAN TUN TRADING Co.ltd. က တစ်လကို (၂၂၆) တန်၊ GOLDEN UPSTART Co,Ltd. က တစ်ခုကို တန်(၆၀) စုစုပေါင်း(၂၈၆) တန်၊ ပေပါအားဖြင့် (၁၅၉၂)ပေပါရရှိပြီး မြန်အောင်ခရိုင်အတွင်းကို တစ်နေ့ (၆၃)ပေပါ ဖြန့်ဖြူးရောင်းချပေးနေပါတယ်၊ မြို့နယ်အလိုက်ဖြန့်ဖြူးမှုကတော့ မြန်အောင်မြို့နယ်အတွက်(၂၆) ပေပါ၊ အင်္ဂပူမြို့နယ်အတွက်(၂၄) ပေပါ၊ ကြံခင်းမြို့နယ်အတွက် (၁၃)ပေပါကို မြို့နယ်(၃)ခုမှာရှိတဲ့ ဆီကိုယ်စားလှယ်(၁၅)ဦးတို့က အိမ်ထောင်စု (၁၃၉၅၀၀) ကျော်ကို သတ်မှတ်ရည်ညွှန်းစျေးနဲ့အညီ ဆီစာအုပ်စနစ်ဖြင့် မြို့ပေါ်ရပ်ကွက်တွေ၊ကျေးရွာအုပ်စုတွေ၊ မြစ်လယ်ကျွန်းကျေးရွာတွေအထိ ပြန့်နှံအောင်ဖြန့်ဖြူးရောင်းချပေးနေပါတယ်၊ ဖြန့်ဖြူးရောင်းချမှုကိုတော့ စားအုန်းဆီ ဖြန့်ဖြူးခြင်းကြီးကြပ်မှုကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၏ညွှန်ကြားမှုအောက်မှာ မှန်(၆)မှန်နဲ့ အညီ ဖြန့်ဖြူးရောင်းချပေးနေပါတယ်"ပြောသည်။
(စားသုံးဆီဝယ်ယူသူ၏စကားသံများ)
- ကျွန်မက မြန်အောင်မြို့နယ် အင်ပင်မြို့အမှတ်(၂) ရပ်ကွက်က ဆီလာထုတ်တဲ့ ဒေါ်နှင်းနုခိုင်ဖြစ် ပါတယ် ၊ တစ်လကို ၂ကြိမ်ရပါတယ် အဆင်လည်းပြေပါတယ် အလေးချိန်လည်းပြည့်ပါတယ်။
- ကျွန်မက ကြံခင်းမြို့မရပ်ကွက် အုန်းတောလမ်းကပါ၊ အိမ်ထောင်ဦးစီးအမည်က ဦးကျော်ဝင်း ဖြစ်ပါတယ်၊ တစ်လကို (၃) ကြိမ်ရပါတယ် ဆယ်ရက်တစ်ခါရပါတယ်၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်း အတိုင်း ဝယ်ယူရပါတယ်။
မြန်အောင်ခရိုင်အတွင်း တစ်ရက် စားအုန်းဆီ(၆၃)ပေပါအား အိမ်ထောင်စုပေါင်း (၁၃၉၅၀၀) ကျော်ကို ဆီ ၅၀ ကျပ်သားနှုန်းဖြင့်တစ်လ (၂)ကြိမ် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ဝင်းဗိုလ်
မြန်အောင် (ပြန်/ဆက်)