ညောင်ရွှေ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက်ကုန်တစ်ခုဖြစ်သော ကြသင်္ကန်း၊ ကြာခြည်ထည်များရက်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ပဒုမ္မာကြာပင်စိုက်ပျိုးရန်အတွက် အင်းလေးကန်အတွင်းရှိ အင်းပေါခုန်ကျေးရွာ၌ ကြာကန်တူးဖော် နေမှုလုပ်ငန်းကို ဇန်နဝါရီ(၁၈)ရက် နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ကြာကန်တူးဖော်ရေးစီမံကိန်းလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ရန်ပုံငွေကျပ် (၃၉) သန်းဖြင့် အပိုင်းနှစ်ပိုင်းခွဲဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျွမ်းကျင်ပညာရှင်များမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) Imstallation ပြုလုပ်နေမှုများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ