ဂန့်ဂေါ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ မြို့မအရှေ့ကျောင်းတိုက်၌ (၃၉) ကြိမ်မြောက် အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဝင် ရှုံးရှီကျေးရွာ လယ်တီကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခသာမိထံမှ ငါးပါးသီလကို ခံယူ ဆောက်တည်ကြကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ခင်းသာပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလ အမှူးပြုသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွား(၄၆)ဦးတို့အား ဧည့်ပရိသတ် အပေါင်းမှ ပူဇော်ကန်တော့ကြကာ အဘိုးတစ်ဦးနှင့်အဘွားတစ်ဦးတို့က ဆုပေးစကားများပြောကြားခဲ့ပြီး မြို့မတောင်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တနှင့် မြို့မအရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုဇနတို့မှ အဘိုးအဘွား(၄၆)ဦးအတွက် ဆုမဲများနှိုက်၍ လှူဖွယ်ပစ္စည်းများကို မဲဖောက်ပေးခဲ့သည်။
ထို့နောက် မြို့မတောင်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ သက်ကြီးဘိုးဘွားပူဇော် ခြင်း၏ကောင်းကျိုးတရားတော်ကို နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းကာ ကြွရောက် လာကြသည့် သက်ကြီးဘိုးဘွားများနှင့် ဧည့်ပရိသတ်အပေါင်းတို့အား ဦးမင်းမင်း+ဒေါ်တူးမာမိသားစုမှ ဒါနကုသိုလ်ပြုလှူဒါန်းသည့် ကြက်သားဆန်ပြုတ်နှင့် မြို့မရပ်ကွက်မှအလှူရှင်များစုပေါင်းလှူဒါန်းကြသည့် အချိုပွဲများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။
အဆိုပါ အသက် (၈၀) နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများပူဇော်ပွဲကို ဘဝနတ်ထံပျံလွန်တော်မူသွားသည့် မြို့မအရှေ့ကျောင်းတိုက်၏ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓ ဆရာတော်ဘုရားကြီးမှ ဦးစီး၍ စတင်ကျင်းပပြုခဲ့ခြင်းဖြစ်ပြီး မြို့မရပ်ကွက်မှ အလှူရှင်ရပ်ကွက်သူ/ ရပ်ကွက် သားများစုပေါင်း၍ အစဉ်အလာမပျက် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်မှာ ယခုနှစ်တွင် (၃၉)ကြိမ်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း